ကိုယ်ဝန်ဆောင်ချိန် ဖောလစ်အက်ဆစ်သောက်တဲ့အခါ
ဖောလစ်အက်ဆစ်ဆိုတာက လူလုပ် ဖောလိတ်ဗားရှင်းပါ။ ဗီတာမင် ဘီအုပ်စုဝင်တစ်မျိုးပေါ့။ ဗီတာမင် ဘီက ကရင်သွေးလေးမှာ အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်တွေ ပါမလာစေဖို့ အရေးကြီးဆုံး လုပ်ဆောင်ပေးနေတာပါ။
ဒီစာလေးထဲမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်ပေးတာက ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကိုရော ဘယ်လောက်ပမာဏလောက် သောက်ပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
ဖောလစ်အက်ဆစ် ဆိုတာ ဘာလဲ?
ဖောလစ်အက်ဆစ် ဆိုတာက လူလုပ် ဗီတာမင် ဘီ တစ်မျိုးပါ။ တိတိကျကျ ပြောရမယ်ဆိုရင် ဗီတာမင် ဘီနိုင်းပါ။ လုတိုင်းက ဖောလိတ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် ဖောလစ်အက်ဆစ်ကို အသုံးများတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးလေးမှာ မွေးရာပါ ချို့ယွင်းချက် မရှိအောင်ပါ။
ဖောလစ်အက်ဆစ်ကို ဆေးအနေနဲ့ သောက်သုံးလို့ ရသလို အစာအာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။
မေမေတို့အနေနဲ့ ဘယ်အချိန်မှာ ဖောလစ်အက်ဆစ် စသောက်ရမလဲ?
မွေးဖွားလာတဲ့ ရင်သွေးလေးမှာ မွေးရာပါ ချို့ယွင်းချက် မပါစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလရဲ့ အစောပိုင်း ၃ ပတ် ကနေ ၄ ပတ်အတွင်းမှာ စတင် သောက်သုံးပေးဖို့ လိုပါမယ်။ ဒါမှ ကလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိမယ်ဆိုရင်လည်း ကြိုသောက်ပေးလို့ ရပါတယ်။
ဖောလစ်အက်ဆစ်ကို ဘယ်လောက်သောက်ရမလဲ?
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဖောလစ်အက်ဆစ်ကို တစ်နေ့ကို 400 mcg သောက်ပေးဖို့ လိုပါမယ်။ အခြား အားဆေး သောက်နေတာမျိုး ရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပေးဖို့ ပြောချင်ပါတယ်။
ဖောလစ်အက်ဆစ်ရဲ့ အကျိုးကျေးဇူးတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ် သောက်ပေးမယ်ဆိုရင် မိခင်ရော ရင်သွေးလေးကိုပါ ကျန်းမာစေမယ့်အပြင် အခြားသော ကျန်းမာရေးကောင်းကျိုးတွေ အနေနဲ့
- ကိုယ်ဝန်မပျက်ကျအောင် ကာကွယ်ပေးမယ် - ဖောလစ်အက်ဆစ် မလုံလောက်တာက ကိုယ်ဝန်ပျက်ကျတာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
- ရင်သွေးလေးမှာ အာရုံကြော ချို့ယွင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးမယ် - ကလေးလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါတာ၊ အာရုံကြောနဲ့ ဦးနှောက် ဖွံ့ဖြိုးမှုတွေ ထိခိုက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ် လုံလောက်အောင် မရရှိတာကြောင့်ပါ။
- မွေးရာပါ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးမယ် - နှစ်စဉ် မွေးဖွားလာတဲ့ ကလေး ၄၀,၀၀၀ မှာ မွေးရာပါ နှလုံးရောဂါတွေ ပါလာတတ်ပါတယ်။ နှလုံး အပေါက်ပါတာ၊ နှလုံးအဆို့ရှင် ကျဉ်းတာ၊ သွေးကြောတွေ ပုံမှန်မဟုတ်တာတွေ မပါလာစေဖို့ဆိုရင် မေမေက ဖောလစ်အက်ဆစ်ကို သောက်ပေးပါနော်။
- ကိုယ်ဝန်ဆောင် ဆီးချို ကာကွယ်ပေးမယ် - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်မှာ ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင် စားသောက်မှုပုံစံ ပြောင်းလဲတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ သွေးချို ပုံမှန် စစ်တာမျိုးတွေ လုပ်ဆောင်ရင်း ဖောလစ်အက်ဆစ် သောက်ပေးတာက နည်းလမ်းပါ။
- လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးမယ် - မေမေ့ အနေနဲ့ ရင်သွေးလေးကို လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ဆိုရင်လည်း ဖောလစ်အက်ဆစ် သောက်ပေးလို့ ရပါတယ်။
- ရင်သွေးလေး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ် - ဖောလစ်အက်ဆစ်က ကလေးလေးမှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မွန်မွန်